သထုံ ဇန်နဝါရီ ၆
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ တာဝန်ရှိသူများလိုက်ပါလျက် ဘဝနတ်နန်းပြောင်းရွှေ့စံမြန်းတော်မူပြီးဖြစ်သည့် သထုံမြို့ဓမ္မမေဒနီကျောင်းတိုက်၏ စတုတ္ထမြောက်ဦးစီးပဓာနနာယကဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တဉာဏောသူရိယာဘိဝံသ မဟာထေရ်မြတ်၏ ရုပ်ကလာပ်တော်အား ယနေ့နံနက်က ဖူးမြှော်ကြည်ညိုကာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီးသို့ရောက်ရှိကာ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား ဂါရဝပြုပူဇော်ကန်တော့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့က အန္တိမအဂ္ဂိဈာပန ကျင်းပရေးကော်မတီ နာယကဆရာတော်ကြီးများထံ သွားရောက်ဖူးမြှော်ကန်တော့ကာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကျင်းပနိုင်ရေး အလှူငွေနှင့်လှူဖွယ်များကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
သထုံမြို့၊ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီး၏ စတုတ္ထမြောက် ဦးစီးပဓာန နာယက လဇ္ဇီပေသလ သိက္ခာကာမ ဝိနယဂရုက သံသာရဘီရုက၊ သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃ )ဝါ ရှိတော်မူသော သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တဉာဏောသူရိယာဘိဝံသ သာသနဓဇ သိရီပဝရဓမ္မာစရိယ၊ ပိဋကတ္တယပါရဂူ၊ တိပိဋကာလင်္ကာရ၊ ပရိယတ္တိဆေက ဓမ္မာဓိပတိ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ မဟာထေရ်မြတ်ကြီးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်က ဘဝနတ်နန်း ပြောင်းရွှေ့စံလွန်တော်မူခဲ့ရာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ယခုလ ၁၀ ရက်နေ့၌ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ သံဝေဂပူဇာဓမ္မဗိမာန်တော်၌ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်ကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပန ကျင်းပရေးကော်မတီမှ သိရသည်။
ခရိုင်ပြန်/ဆက်