မိုင်းဖြတ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ဝမ်အွယ်)မှ ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဟောင်ဟင်ကျေးရွာအနီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများကို လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်လေ့လာရာတွင် ကျိုင်းတုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းဦးဆောင်သည့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ဝမ်အွယ်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိုက်ပျိုးရေးလုပ်ငန်းများကို လေ့လာလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန်းထွဋ်လွင်က မိုင်းဖြတ်မြို့နယ်၏ ဧရိယာအကျယ်အဝန်း၊ ရာသီဥတုအခြေအနေ၊ နှစ်စဥ်ပျှမ်းမျှမိုးရေချိန်၊ ဒေသအတွင်းတောင်သူများ အများအပြားစိုက်ပျိုးကြသည့် သီးနှံများကို ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးက(ရေဆင်း-၁၅) မျိုးစေ့ထုတ်ပဲပုတ် စိုက်ပျိုးထားရှိမှု၊ စိုက်နည်းစနစ်၊ (ရေဆင်း-၁၅)ပဲပုတ်မျိုးနှင့် ဒေသပဲပုတ်မျိုးကွာခြားချက်၊ မြေအမျိုးအစားပေါ်မူတည်၍ သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးသင့်ပုံများကို ပညာပေးပြောကြားခဲ့ပြီး မြေပဲ၊ ပိုက်ဆံလျှော် စိုက်ပျိုးထာရှိမှု မြေပြင်အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာရေးအဖွဲ့တွင် ကျိုင်းတုံမြို့နယ်၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ဝမ်အွယ်)မှ ဆရာ၊ ဆရာမများနှင့် စိုက်ပျိုးရေးအထူးပြု ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့ပါဝင်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)