တပ်ကုန်း ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားသည်။
အဆိုပါသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းမှာကြားပြီး၊ သင်တန်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေ၊ တပ်ခွဲမှူးများဖြစ်ကြသည့် ဒေါ်မြင့်မြင့်ကြည်၊ ဒေါ်အိအိဝင်း၊ ဒေါ်မေကလျာဝင်းတို့က ကြက်ခြေနီလှုပ်ရှားမှုအခြေခံမှု၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ သွေးလန့်ခြင်း၊ အပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးအဆစ်၊ ကြွက်သားဒဏ်ရာများ၊ ဦးခေါင်း၊ ကျောရိုးဒဏ်ရာများ၊ သတိလစ်၊ ဆို့နစ်ခြင်းများနှင့် အထွေထွေအရေးပေါ်အခြေအနေများကို စာတွေ့သင်ကြားခြင်း၊ ကြပ်အသုံးပြုပုံနှင့် RICE စည်းနည်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းနည်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းတို့ကို လက်တွေ့သင်ကြားမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းကာလမှာ တစ်ပတ်လျှင် (စနေ၊ တနင်္ဂနွေ) လေးရက်သင်ကြားမည်ဖြစ်ပြီး၊ သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်သင်ကြားကြောင်း သိရသည်။
တင်စိုးလွင်