မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရှိ မူးယစ်ကြီးကြပ်ရေးမှူးများအား လုပ်ငန်းခွင်ဝတ်စုံနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ

တာမွေ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် မူးယစ်ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသော မူးယစ်ကြီးကြပ်ရေးမှူးများအား လုပ်ငန်းခွင်ဝတ်စုံနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးဝင်းအတွင်းရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသားလူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော်ဦးချစ်ချောက မူးယစ်ကြီးကြပ်ရေးမှူးများအား လုပ်ငန်းခွင်နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ဥက္ကဋ္ဌဦးစံရှိန်၊ အတွင်းရေးမှူးဒေါ်ခင်ခင်ဝင်းနှင့် ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင်လူရွှင်တော်ဦးချစ်ချောတို့က မူးယစ်ကြီးကြပ်ရေးမှူးများအား လုပ်ငန်းခွင်ဝတ်စုံနှင့် ထောက်ပံ့ကြေးများ အသီးသီးပေးအပ်ခဲ့သည်။

“မူးယစ်ကြီးကြပ်ရေးမှူးများအနေဖြင့်ကွင်းဆင်းပြီး လုပ်ငန်းများဆောင်ရွက်တဲ့အခါ သာမန်အရပ်သားအနေနဲ့ သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို လုံခြုံမှုမရှိပါဘူး။ အသင်းအဖွဲ့ မှတ်ပုံတင်တဲ့အခါမှာ အသိအမှတ်ပြုတင်ပြထားတဲ့ ဝတ်စုံကိုဝတ်ပြီး သွားခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာနိုင်မှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ခံယူချက် အသိ၊ သတိလည်း ပြည်စုံပါတယ်။ ဒါ့ကြောင့် ဒီဝတ်စုံနှင့်လာခေါ်ရင် မိဘပြည်သူများအနေနဲ့သိရှိဖို့က မူးယစ်ဆေးစွဲလူနာတွေကို ဆေးရုံတင်ဖို့လာခေါ်တယ်ဆိုတာ သိဖို့လိုပါတယ်။ ဒါ့ကြောင့် ဦးထုပ်မှာ နိုင်ငံတော်အလံကို တပ်ပါတယ်။ ရင်ဘတ်မှာ အမှောင်ထဲကလူ အလင်းကူဆိုတဲ့ လက်ဖြူ၊ လက်မည်း တံဆိပ်လေးကိုထားပါတယ်။ နောက်ပြီး မိဘပြည်သူများအနေနဲ့ ဘိန်းကို ဖျက်ဆီးတဲ့အခါမှာ ပူးပေါင်းပါဝင်ဖို့ဆိုတဲ့အဓိပ္ပာယ်နဲ့ ဘိန်းသီးကို မီးရှို့ဖျက်ဆီးနေတဲ့ ပုံလေးထည့်ထားပါတယ်။ ဒီလိုဂိုဟာလည်း သက်ဆိုင်ရာအသင်းအဖွဲ့ မှတ်ပုံတင်ဦးစီးဌာနကို တင်ပြပြီးသလို အသင်းလိုဂိုကို မူပိုင်ခွင့်ကိုတင်ပြီး မှတ်ပုံတင်ဖို့လည်း စီစဉ်နေတာရှိပါတယ်။ ဒါ့ကြောင့် ဒီဝတ်စုံသည် ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေကို စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးပြီး ရုပ်ပိုင်းဆိုင်ရာခိုင်မာယုံကြည်မှုရှိအောင် ဒီဝတ်စုံကို ထုတ်ပေးတာဖြစ်ပါတယ်”ဟု မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုဥက္ကဋ္ဌဦးစံရှိန်က ဆိုသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ်လူနာများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် မူးယစ်ဆေးဖြတ်လူနာ(၃၂)ဦး၊ ၂၀၂၁ ခုနှစ်တွင် မူးယစ်ဆေးဖြတ်လူနာ(၆၄)ဦး၊ ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဖြတ်လူနာ(၉၇)ဦး၊ ၂၀၂၃ ခုနှစ်တွင် မူးယစ်ဆေးဖြတ်လူနာ(၉၈)ဦးနှင့် ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဖြတ်လူနာ(၁၄)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)