ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းနှင့်မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေနန်ယန်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးဒေါက်တာနွယ်နီလွင်က အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါက်တာနွယ်နီလွင်အား စွမ်းဆောင်ရည်ဆုချီးမြှင့်ခြင်း၊ ကျောင်းတက်ရက်မှန်ဆုရ ဆရာ/မများအားဆုချီးမြှင့်ခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ တိုင်း/ခရိုင်ပြိုင်ပွဲ အသီးသီးတွင်ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ ပဌာန်းဓမ္မစကြာဆုရရှိသူများ၊ ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာတီးမှုတ်ကပြဖျော်ဖြေခြင်း၊ အ.ထ.က(၂)ဗဟန်းကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ မင်္ဂလာပါသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ဘယ်ပန်းချီရေးလို့မမှီ သီချင်းအားပေါင်းစပ်၍ တယောဖြင့်တီးမှုတ်ဖျော်ဖြေခြင်း၊ ပန်းကမ္ဘာမျှော်စင်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ တပင်တိုင်အကဖြင့် ကပြဖျော်ဖြေခြင်း၊ အနာဂတ်လူရည်မွန်သီချင်းဖြင့်တို့ဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ စုစုပေါင်း(၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)