တာမွေ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စီစဉ်ကျင်းပသော ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ်အပေါင်းတို့က ပင့်သံဃာတော် အရှင်သူမြတ်များထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ ခံယူစောင့်တည် ခဲ့ကြသည်။ ထို့နောက် ပဋ္ဌာန်းတရား ဒေသနာတော် ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဩဝါဒစရိယဆရာတော် အရှင်သူမြတ်များအား နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ပဋ္ဌာန်းတရားနာကြားရန် ဖိတ်ကြားထားသော နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ကြပြီး ဩဝါဒစရိယဆရာတော်ကြီးများအား အမှူးထား၍ ပင့်သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသော ဧည့်ပရိသတ် အပေါင်းတို့က ပင့်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ၂၀၂၄-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ(၅)ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)