မောက်မယ်မြို့နယ် တင်ကုန်းကျေးရွာအ.မ.ကကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

မောက်မယ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ တင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင်ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က ပညာရေးဆိုင်ရာကိစ္စရပ်များအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(တင်ကုန်း) ကျောင်းအုပ်ဆရာကြီး ဦးခွန်ချစ်လယ်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်းဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများဘက်စုံ ပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဦးစိုင်းပန္တိက ကျောင်း၏တိုးတက်ရာတိုးတက်ကြောင်း ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသောကျောင်းသားမိဘအလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)