မိုင်းကိုင်မြို့နယ်၌ မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ သက်တော် ၆၀ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အလှူတော်ပွဲကျင်းပ

မိုင်းကိုင် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျေးဇူးတော်ရှင်အရညဝါသီ ဘဒ္ဒန္တဉာဏသံဝရ၊ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ သက်တော်(၆၀)နှစ်ပြည့်၊ ဝိဇာတမွေးနေ့မင်္ဂလာအလှူတော်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင်  ဆင်ခြေဖုန်းရှေ့ကျေးရွာအုပ်စု ၊ နန်းဦးပျဉ်ကုန်းရှိ  မေတ္တာမင်္ဂလာစုမ့်မိန်းစေတီတော် နှစ်ဆူတည်ရှိရာ  သာသနာ့မြေ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဆရာတော်ဘုရားကြီး၏ သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအလှူတော်ပွဲတွင် မနက် ၅ နာရီမှစ၍ ဆရာတော်သံဃာတော်များ၊ မြို့နယ်အတွင်းရှိ မြို့မိမြို့ဖများနှင့် မိဘပြည်သူများက  ဗုဒ္ဓမြတ်စွာဘုရားထံ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ခဲဖွယ် ချိုချဉ်ရသာစုံလင်စွာဖြင့် ဆက်ကပ် လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော်များက ဘုရားအနေကဇာတင်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇယ်ခြင်း၊ ကုသရဓမ္မဂီဝတ်ရွတ်အဖွဲ့က  မိုင်းဖုန်းဆရာတော် ဘုရားကြီး၏ ဝတ်ရွတ်စဉ်များကို ရွတ်ဖတ်ပူစော်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ စေတနာရှင်အလှူရှင်များက ဆရာတော်သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊  နိဗ္ဗာန်ဈေးများခင်းကျင်း၍ ထမင်းဟင်း၊ ရှမ်းခေါက်ဆွဲ၊ ရှမ်းမုန့်တီနှင့် ယာကုများ ၊ စားဖွယ်သောက်ဖွယ်များ၊ ဒေသထွက်သီးနှံများ ၊ ဆေးဝါးများ ၊ ရေသန့်များကိုပွဲတော်သို့ လာရောက်ကြသည့်  ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေများအား  ကျွေးမွေးဧည့်ခံခြင်း ၊ လှူဒါန်းခြင်းစသည့် ကောင်းမှုကုသိုလ်များ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအလှူတော်ပွဲကို မိုင်းကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂၉)အုပ်စုမှ ဗုဒ္ဓဘာသာဝင်သူတော်စင်များ၊ မိဘပြည်သူများ၊ ဌာနဆိုင်ရာများကပူးပေါင်း၍ နန်းဦးပျဉ်ကုန်းရှိ  မေတ္တာမင်္ဂလာစုမ့်မိန်းစေတီတော်နှစ်ဆူတည်ရှိရာ သာသနာ့မြေ၌ နှစ်စဉ်ကျင်းပြုလုပ်မြဲဖြစ်ပြီး  ပွဲတော်သို့ဖိတ်ကြားရန်မလိုပဲ  ဓမ္မမိတ်ဆွေများဖြင့်  အလွန်ပင်စည်ကားလှကြောင်း  သိရသည်။ 

ချော(မိုင်းကိုင်)