ဇမ္ဗူသီရိ ဇန်နဝါရီ ၆
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ဦးလည်မသုန်"စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးမောင်မောင်တာ(သဘာဝ)၊ ဦးကျော်လွင်(ကျော်လွင်မြင့်-မှော်ဝန်း)၊ ဦးခင်မောင်ကျော်(ရဲမွန်ကျော်)၊ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ်-YU)၊ ဦးစိန်ဝင်း(စိန်ဝင်းနွယ်)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးခင်ဇော်(စာရေးဆရာများအသင်း-ဇမ္ဗူ)၊ ဦးကျော်ဇော(မောင်ကျော်ဇော-ရှင်မတောင်နံ့သာမြေ)၊ ဒေါ်သက်သက်မွန်နှင့် စာပေဝါသနာရှင်တို့က “ဦးလည်မသုန်"စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)