နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် ဇေယျာသီရိမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်မုခ်ဦးအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်း၏ အားကစားခန်းမ၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ‘‘စုံညီပွဲတော်တို့နွဲပျော်’’ သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍတွင် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ထွန်းလာရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊  ပညာရေးစုံညီပွဲတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာပြီး၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖော်ဂုဏ်ပြုနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးရန်၊ အမျိုးသားပညာရည်မြင့်မားရေး လုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်၊ လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေပြုမူနေထိုင်တတ်သည့် အမူအကျင့်များရရှိရန်၊ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်စေရန်နှင့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးတို့အတွက် အခြေခံပညာကျောင်းများက သင်ကြားသင်ယူမှု၊ လေ့ကျင့်ပေးမှု၊ နည်းပေးလမ်းညွှန်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆရာ၊ဆရာမများ၏ အရည်အသွေးပြည့်ဝမှုနှင့် စွမ်းဆောင်ရည်မြင့်မားမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူလိုစိတ်ရှိမှု၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တတ်သည့် သင်ယူမှုဝန်းကျင်ကောင်းများဖန်တီးကာ အရည်အသွေးပြည့်ဝသည့် အခြေခံပညာရေးနှင့် အမျိုးသားပညာရည်မြင့်မားရေးအတွက် ပညာရေးစီမံခန့်ခွဲမှုအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးစေတနာရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  အခြေခံပညာအထက်တန်းများမှ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်အကများနှင့် တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမှုကို ကြည့်ရှုအားပေးပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းသား အားကစားပွဲတော် (ဗဟိုအဆင့်)တွင် ဆုရရှိခဲ့သည့် အားကစားသမားများ၊ နေပြည်တော်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ National ICT Award-2023 ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပေးအပ်ရာ နေပြည်တော်ပညာရေးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က လက်ခံရယူသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သင်ရိုးသစ်သင်ထောက်ကူပြခန်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြခန်း၊ စွန့်ဦးတီထွင်ပြခန်း စသည်တို့ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအနီတွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ရွာသစ်ရေမြှင့်ရေထိန်း(ပင်းတားဆည်)တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေဆင်းဆည် လက်ယာ(၁) မြောင်းမကြီး မိုင်နား(၆) မြောင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လယ်ယာစိုက်ပျိုးရေပေးဝေးပေမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက လက်ရှိဆောင်သီနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးအပါအဝင် ဆီထက်သီးနှံများ၊ ဆောင်းသီနှံများ၊ နွေသီးနှံများကို အထွက်နှုန်းကောင်းမွန်စေ ရေးအတွက်မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းစနစ်များကို လစ်ဟာမှုမရှိ စနစ်တကျလိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြေများကို လှပ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ ထို့အပြင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာဆီ စသည့်ဆီထွက်သီးနှံများကို တိုးချဲပြီး စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးနည်းကို နည်းစနစ်ကျကျစိုက်ပျိုးမှသာ ပန်းတိုင်အထွက်များ တိုးတက်ထွက်ရှိပြီး တစ်ဦးချင်ဝင်ငွေများ တိုးလာမှာဖြစ်ကြောင်း မှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအနီး ပင်လောင်းလမ်းဘေး သီးနှံအကန့်လိုက်စိုက်ပျိုးနည်းစနစ် (Strip Cropping) စမ်းသပ်စိုက်ခင်းသို့ရောက်ရှိရာ အဆိုပါစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ပင်လောင်းလမ်း ဘေးဝဲ/ ယာတွင် ဆောင်းသီးနှံစိုက်ပျိုးထားမှုအခြေအနေများ၊ သီးနှံအကန့်လိုက်စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စိုက်ပျိုးရေပေးဝေနေမှုများကို တာဝန်ရှိသူများကရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက လက်ရှိဆောင်သီနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် များကိုစိုက်ပျိုးစေလိုကြောင်း၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ သီးထပ်စွမ်းအားများတိုးတက်ရေး၊ ပန်တိုင်အထွက်နှုန်းကောင်းမွန်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပင်လောင်းလမ်းဘေး သီးနှံအကန့်လိုက်စိုက်ပျိုးနည်းစနစ် (Strip Cropping) စမ်းသပ်စိုက်ခင်းအတွင်း သီးနှံ (၁၈)မျိုးစိုက်ပျိုးထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)