ဗန်းမော်အကျဉ်းထောင်၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ အကျဉ်းသား၊ အကျဉ်းသူ (၄၉)ဦး လွှတ်မြောက်

ဗန်းမော် ဇန်နဝါရီ ၅

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ (၄၉)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင်/စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၉၆၅၂)ဦးတို့အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁/၂၀၂၄ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ခဲ့ရာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန် ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ဗန်းမော်အကျဉ်းထောင်မှ အကျဉ်းသား ၄၅ ဦး၊ အကျဉ်းသူ ၄ ဦး လွတ်မြောက်ခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့၊ အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာတို့က လွတ်မြောက် အကျဉ်းသားများအား ဇန်နဝါရီ ၄ ရက် နေ့လယ် ၁၂ နာရီခွဲက ဗန်းမော်အကျဉ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆုံးမ သြဝါဒစကားပြောကြားကာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျလွှတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)