၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ

တာမွေ    ဇန်နဝါရီ    ၅

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ယမန်နေ့ညနေ (၆)နာရီအချိန်မှ ည(၁၀)နာရီအချိန်အထိ ၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲတော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

“သမီးတို့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က လာရောက်တာပါ။ ဒီနေ့လွတ်လပ်ရေးနေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ သူငယ်ချင်းတွေနဲ့အတူ ဒီပွဲတော်မှာ လာရောက်လည်ပတ်ရင်း အပန်းဖြေတာပါ။ ဒီရောက်တော့ ပင်ပန်းတာတွေအကုန်လုံး ပျောက်သွားသလိုပဲ။ နောက်ပြီး မီးရှူးမီးပန်းတွေပစ်ဖောက်တာကိုလည်း အနီးကပ်မြင်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ် ” ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲသို့ အပန်းဖြေလာရောက်ကြသူများ  မျက်စိပဿဒဖြစ်စေရန်နှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် ရောင်စုံအလှဆင်မီးများစွာဖြင့် ဆင်ယင်ပြသထားသလို စိတ်အပန်းပြေစေရန်အတွက်လည်း တေးဂီတဖျော်ဖြေပွဲကို စီစဉ်ပေးထားပြီး နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ တေးဂီတဖျော်ဖြေမှုများ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်ပေါင်းများစွာ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် လာရောက်လည်ပတ်ကြသူများ စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့စေရန်အတွက်လည်း ည(၉)နာရီအချိန်တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခဲ့ရာ ပွဲတော်လာပြည်သူများ စိတ်ပေါ့ပါးလန်းဆန်းစွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)