ဒေါပုံ ဇန်နဝါရီ ၅
ဒေါပုံမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား၊ ရပ်ကွက်ပေါင်းစုံ (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယနေရာလုပွဲကို လမုတန်းရပ်ကွက်အသင်းနှင့် သင်္ဘောကျင်းရပ်ကွက်အသင်းတို့မှ ယှဥ်ပြိုင်ကစားခဲ့ပြီး၊ ဗိုလ်လုပွဲကို ဆေးစက်ရပ်ကွက်အသင်းနှင့် ယမုံနာ-၁ ရပ်ကွက်အသင်းတို့မှ ယှဥ်ပြိုင်ကစားခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင်ဆောင်ရွက်ပေးခဲ့သည့် ဒိုင်လူကြီးများအား ဗိုလ်တထောင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ပထမဆုရရှိခဲ့သည့် ဆေးစက်ရပ်ကွက်အသင်းအား ဆုဖလားနှင့် ငွေသားဆု (၅) သိန်းကျပ်နှင့် ဒုတိယဆုရရှိသည့် ယမုံနာ-၁ရပ်ကွက်အသင်း၊ တတိယဆုရရှိသည့် လမုတန်းရပ်ကွက်အသင်း၊ စတုတ္ထဆုရရှိသည့် သင်္ဘောကျင်းရပ်ကွက်အသင်းတို့အား ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ဌာနဆိုင်ရာတို့မှ အသက်(၂၅) နှစ်အောက် အသင်း၈သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဝါသနာရှင်များနှင့် ပြည်သူများက လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)