ဒလ ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရိုးရာအားကစားနည်း (၉) မျိုး ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကမာကသွယ်ရပ်ကွက်၊ ဗိုလ်တေဇအားကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့် အားကစားသမားများမှ ကွင်းအတွင်းစနစ်တကျနေရာယူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သက်တမ်းအလိုက်ရိုးရာ အားကစားနည်း (၉) မျိုးတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်း၊ ဒလမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ရိုးရာအားကစား ပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည့် မြို့မိ၊ မြို့ဖနှင့် လုပ်ငန်းရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဒလမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆု၊ဒုတိယဆုနှင့် တတိယဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား အမှတ်တရဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၁ ဗိုလ်မှူးမင်းအောင်နှင့် မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး ဗိုလ်မှူးဝင်းကျော်ထိုက်တို့မှ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားချစ်မြတ်နိုးသူ ပရိတ်သတ်များ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)