မွန်ပြည်နယ် ဝန်ကြီးချုပ်၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင်  ဇန်နဝါရီ   ၅

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ အားကစားသမားများ တက်ရောက်သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများနှင့် မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အနေနဲ့လည်း လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အားကစားကိုပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ခံယူကာ ဉာဏ်ရည်မြင့်မားပြီး ထူးချွန်ထက်မြက်တဲ့အားကစားသမားများ ပေါ်ပေါက်စေလိုတဲ့အတွက် ယခုလိုတက္ကသိုလ်အဆင့်အပြင် ပညာရေးဒီဂရီကောလိပ်၊ အခြေခံကျောင်းတွေမှာလဲ ကျောင်းသားအားကစားပွဲတွေကို အားထုတ်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားအသီးသီးရဲ့ လက်ရွေးစင် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့ရဲ့ကိုယ်စားပြုဇုန်အသင်း၊ ကိုယ်စားပြုတက္ကသိုလ် အသင်းတွေရဲ့ဂုဏ်ကို မြှင့်တင်ပေးနိုင်တဲ့ ထူးချွန်အားကစားသမားတွေဖြစ်အောင် မဆုတ်မနစ်တရားသော ယှဉ်ပြိုင်မှုနဲ့အနိုင်ရအောင် ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဇုန်တက္ကသိုလ်(၄)ခုကို ကိုယ်စားပြုတဲ့ လက်ရွေးစင် ကျောင်းသား၊ ကျောင်းသူများနဲ့ မော်လမြိုင်တက္ကသိုလ်ကို ကိုယ်စားပြုပြီး ရွေးချယ်ခံကြရတဲ့ ကျောင်းသားကျောင်းသူများဟာ ကျန်းကျန်းမာမာနဲ့ မိမိတို့ရဲ့ဇုန်၊ မိမိတို့ရဲ့တက္ကသိုလ်ဂုဏ်ကို မြှင့်တင်ပေးနိုင်တဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ကြပါစေ၊ အားကစားနဲ့ မိမိတက္ကသိုလ်၊ မိမိပြည်နယ်၊ မိမိနိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားနိုင်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန် က ပြိုင်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားအောင်နိုင်ရေးအလံနှင့် အားကစားသမားများအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း (၂၀)ပေးအပ်ရာ အဖွဲ့ခေါင်းဆောင်၊ သမိုင်းဌာနပါမောက္ခ ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အာကစားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)