မော်လမြိုင် ဇန်နဝါရီ ၅
မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော အသံမစဲ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်သလ္လံစေတီတော် မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညိုခဲ့သည်။
ထို့နောက် အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ သီရိမင်္ဂလာဒေါ်လန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တဉာဏုတ္တရမထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသာသန မထေရ်မြတ်ထံမှ ဩဝါဒကထာနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ နတ်ဗြဟ္မာများမား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကို ဒီဇင်ဘာ ၁၈ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ၁၈ ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)