မြစ်သား ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားအား ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလံတိုင်ကွင်း၌ ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က အလေးပြုကြသည်။
ထို့နောက် နံနက်(၇)နာရီတွင် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ ဖတ်ကြားခဲ့သည်။ ဆက်လက်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကို အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲ၊ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စားပွဲတင် တင်းနှစ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းသားမိဘများ ၊ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)