ရန်ကင်း ဇန်နဝါရီ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်သည့် “ဆေးရွက်ကြီးအစားထိုးရိက္ခါသီးနှံစိုက်ပျိုး” ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၂)ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကင်းမြို့နယ် ဦးစီးမှူးဒေါ်လှလှထွေးက ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ပန်ချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးနှင့် အလယ်တန်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
လှလှထွေး (ပြန်/ဆက်)