မိုင်းတုံ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ဥယျာဉ်ကျောင်းတိုက်တွင်တည်ထားကိုးကွယ်မည့် မင်္ဂလာလာဘသိဒ္ဓိစေတီတော်ကို ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၉နာရီ ၁၀ မိနစ်အချိန်တွင် ထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဓမ္မစင်္ကြာအဖွဲ့မှ ရှမ်းဘာသာဖြင့် နတ်ဗြဟ္မာများအားပင့်ဖိတ်ခြင်း၊ မန္တလေးစာသင်တိုက်မှ ဆရာတော်အရှင်ပညာဒီပမှ ကိုးပါးသီလချီးမြင့်ခြင်း၊ ရွှေစေတီကျောင်းတိုက်မှ အရှင်ဝါယမက ထီးတော်ပင့်ဂါထာပင့်ဆောင်ခြင်း၊ မြို့ရပ်ကွက်ဥယျာဉ်ကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် မင်္ဂလာလာဘသိဒ္ဓိစေတီတော်တွင် တပ်လှူပူဇော်မည့်စိန်ဖူးတော်၊ ရွှေထီးတော်အဆင့်ဆင့်တို့ကို သံဃာတော်များအား ကပ်လှူပူဇော်ခြင်း၊ တည် ထားကိုးကွယ်ရာတွင် အမှားအယွင်းတစ်စုံတစ်ရာရှိပါက ခွင့်လွှတ်ပေးတော်မူနိုင်ရန် ဒကာ/ဒကာမများကိုယ်စား အခမ်းအနားမှူးမှ နတ်ဒေဝါများကိုတောင်းပန်ခြင်း၊ မင်္ဂလာလာဘသိဒ္ဓိစေတီတော်တွင် တပ်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို ပင့်ဆောင်လျက် စေတီတော်အား လက်ယာရစ် (၃)ပတ်လှည့်လည် အဓိဌာန်ပြုပြီး ဘုရားထီတော်တင်ရန် ညမ်းစင်ပေါ်တွင်နေရာယူ၍ ထီတော်အမြင့် ၁၃ ပေ၊ အချင်း၁.၇ ပေကို စတင်လှူနိုင်ရန် ပင့်ဆောင်လျက် မင်္ဂလာအချိန်ဖြစ်သည့် နံနက်(၉)နာရီ (၁၀)မိနစ်အချိန်တွင် ထီးတော်ကို လှူဒါန်းပူဇော်သည်နှင့် သံဃာတော်အရှင်သူမြတ်တို့က “ဇယန္တေဗောဓိယာမူလေ”ဂါထာ ရွတ်ဆိုပူဇော်သည်။ ယင်းနောက် ဗုဒ္ဓဘိသေကဘုရားနေကဇာတင်လှူ၍ အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ ထီးတော်တင်ပြီးနောက် မိုင်းပန်မြို့ မွေတော်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တကောဝိဒါစာရဘိပါလထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကို၊ ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့ကို မိုင်းပန်မြို့ မွေတော်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တကောဝိဒါစာရဘိပါလထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို (၁)နာရီ(၄၇)မိနစ်တွင် ရုတ်သိမ်းခဲ့သည်။
အဆိုပါ ဥယျာဉ်ကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် မင်္ဂလာလာဘသိဒ္ဓိစေတီတော်မြတ်မှာ ဘုရားဉာဏ်တော်အမြင့်(၇၈)ပေ၊ အောက်ခြေပတ်လည် (၃၂)ပေ၊ ပရဝုဏ်ပတ်လည် (၄၄)ပေရှိပြီး စေတီ၏တန်ဖိုးငွေစုစုပေါင်း ကျပ်(၁၀၄၀ဝိ)သိန်းတိတိရှိကြောင်း ဥယျာဉ်ကျောင်းတိုက်ဆရာတော် ဝိမလထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)