ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်‌ရောက်ချီးမြှင့်

တောင်ဥက္ကလာပ ဇန်နဝါရီ ၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ဆုရအားကစားသမားများနေရာယူပြီး လွန်ဆွဲ(ကျား/မ)ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးမှ ဆုများချီးမြှင့်ခဲ့ပြီး၊  အသက်(၁၈)နှစ်အထက် မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ဆုရရှိသူများ၊  အလွတ်တန်း မီတာ(၄၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အသက်(၁၀)နှစ်အောက် အာလူးကောက်ပြိုင်ပွဲ၊ အလွတ်တန်းဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ သံပြားပစ်၊ သံလုံးပစ်၊ လှံတံပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိ‌သော အားကစားသမားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးတို့မှလည်‌ကောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူများကလည်းကောင်း  ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

အားကစားပြိုင်ပွဲများတွင် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်များရှိ အားကစားဝါသနာရှင်များက ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)