ညောင်ရွှေ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် မြစိမ်းရောင်(အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီမှ အင်းယားကျိုင်းခမ်းကျေးရွာအုပ်စု၊ လွယ်မောကျေးရွာ မြစိမ်းရောင်(အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီထံသို့ အဌမအကြိမ်မြောက် ရန်ပုံငွေလက်ဆင့်ကမ်းဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီ(၅)ရက် နေ့လည်(၁)နာရီက ညောင်ရွှေမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မြစိမ်းရောင်(အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး မြို့နယ်မြစိမ်းရောင်(အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဒေါက်တာပန်းပွင့်ဖြူက ကျေးရွာကြီးကြပ်မှုကော်မတီထံသို့ ရန်ပုံငွေလက်ဆင့်ကမ်းဖြန့်ဖြူးပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မြစိမ်းရောင်(အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်ကော်မတီတာဝန်ရှိသူတို့က ကျေးရွာကြီးကြပ်မှုကော်မတီထံသို့ အရင်းမတည်ငွေနှင့်အတိုးငွေများ ပေးအပ်ရာ ကျေးရွာကြီးကြပ်မှုကော်မတီထံသို့ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရှိရသည်။ လွယ်မောကျေးရွာတွင် မြစိမ်းရောင်(အသားကဏ္ဍ) ဖြန့်ဖြူးပေးမှုအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အိမ်ထောင်စု(၁၁၉)စုထံသို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသနွားကောင်ရေ (၁၁၉)ကောင် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ