နမ့်စန်(တ) ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Company နှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်က School Milk Programme ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုး၊ ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းနှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများကို အာဟာရပြည့် နွားနို့နှင့် ကြက်ဥများ အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဗိုလ်ချုပ်စိုးအောင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥများအား ပေးဝေခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါ School Milk Program တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၁၄)ဦးကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥများကျွေးမွေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)