ရန်ကုန် ဇန်နဝါရီ ၅
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲ (International Show Jumping)ကို ယမန်နေ့ (လွတ်လပ်ရေးနေ့) နံနက် ၉ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် (မြင်းစီးအားကစားကွင်း)၌ ကျင်းပရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံမောင်မောင်၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် Children(အသက်၁၄နှစ်အောက်)တန်းအမြင့်၄၀-၅၀ စင်တီမီတာ၊ ပြိုင်ပွဲတွင် မြင်းစီးအားကစားသမား (၅)ဦး၊ Junior(အသက်၁၄ နှစ်မှ၁၈နှစ်)တန်းအမြင့် ၉၀ စင်တီမီတာတန်းတွင် မြင်းစီးအားကစားသမား (၆)ဦး Senior(အသက်၁၈နှစ်အထက်)တန်းအမြင့် ၁၁၀ စင်တီမီတာ ပြိုင်ပွဲတွင် မြင်းစီးအားကစားသမား (၃)ဦး စုစုပေါင်း (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက်ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ Children (အသက်၁၄နှစ်အောက်)တန်းအမြင့် ၄၀-၅၀ စင်တီမီတာပြိုင်ပွဲတွင် ပထမရရှိသည့် ကျော်တိုးလင်း၊ ဒုတိယရရှိသည့် မြတ်သူထက်တို့အား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂)ဦးအေးချိုကလည်ကောင်း၊ Junior(အသက်၁၄နှစ်မှ၁၈နှစ်)တန်းအမြင့် ၉၀ စင်တီမီတာပြိုင်ပွဲတွင် ပထမရရှိသည့် လှိုင်ဌေးအောင်၊ ဒုတိယရရှိသည့် ကျေယ်ဝဏ္ဏအောင်နှင့် တတိယရရှိသည့် အောင်ကိုကိုခန့်တို့အား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁)ဦးကျင်ဦးကလည်းကောင်း၊ Senior (အသက်၁၈နှစ်အထက်)တန်းအမြင့် ၁၁၀ စင်တီမီတာပြိုင်ပွဲတွင် ပထမရရှိသည့် ထွန်းလင်းအောင်၊ ဒုတိယရရှိသည့် ကျော်ထက်တို့အား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံမောင်မောင်တို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
မြင်းစီးတန်းခုန်ပြိုင်ပွဲတွင် ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ် (F.E.I) ၏တန်းခုန်ပြိုင်ပွဲ စည်းမျဥ်းများအတိုင်း ယှဥ်ပြိုင်စေပြီးဆုရရှိသည့် ကစားသမားနှင့်မြင်းများအား ဆုဖလား၊ အသိအမှတ်ပြုလက်မှတ်နှင့် ဖဲပြားများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)