သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က(သုဝဏ္ဏ)ကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

ရန်ကုန်  ဇန်နဝါရီ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(သုဝဏ္ဏ)တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း သီရိသုဝဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် GRADE-11 ကျောင်းသား/သူများက “ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူး၊ သင်္ဃန်းကျွန်းမြို့နယ်ပညာရေးမှူးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အ.ထ.က(သုဝဏ္ဏ) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 ဆက်လက်ပြီး ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း သင်ပြမှုထူးချွန်သော ဆရာ/ဆရာမများ၊ မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းဆုရရှိသူများ၊ အင်္ဂလိပ်စာစွမ်းရည်ဆုရရှိသူများ၊ သင်္ချာစွမ်းရည်ဆုရရှိသူများ၊ MRTV-Quiz Time ပြိုင်ပွဲကျောင်းအဆင့် ဆုရရှိသူများ၊ တိုင်းအဆင့် မြို့နယ်အဆင့် ကျောင်းအဆင့် အားကစားဆုရရှိသူများ၊ Grade-5 တွင် (A)အဆင့် ဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဋ္ဌာန်းရွတ်ဆိုပူဇော်ပွဲ တိုင်းအဆင့်ဆုရရှိသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဓမ္မာစင်္ကြာ ရွတ်ဆိုပူဇော်ပွဲ ခရိုင်ဒုတိယ၊ မြို့နယ်ပထမ၊ မြို့နယ်တတိယဆုရရှိသူများ၊ Grade-9 တွင် (A)အဆင့် ဆုရရှိသူများ၊ ကဗျာလွတ်တိုင်းအဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဝင် ကျောင်းသူများအား ဆုများ‌အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး‌နောက် ကျောင်းသား/သူလေးများက အကများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာ/ဆရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ စုစုပေါင်း ၁၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)