ညောင်ဦး၊ အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာသိရှိလိုက်နာရမည့်အချက်များအား အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ နေရာ ၁၆ နေရာတွင် ဖွင့်လှစ်သင်တန်းပေးလျှက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်အဖွဲ့ဝင်များအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများတွင် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာသိရှိလိုက်နာရမည့်အချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မီဒီယာကိစ္စများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့်ပူးတွဲပုံစံများ၊ မဲရေတွက်ခြင်း၊ ထုတ်ပိုးခြင်း၊ မဲရလဒ်ပုံစံ(၁၆)/၁၆-က ရေးသွင်းခြင်း၊ မဲရုံခင်းကျင်းခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ကို သင်းကြားပို့ချလျှက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် မဲရုံမှူး/ဒုမဲရုံမှူးတို့အား နေရာ ၁၆ နေရာတွင် သင်တန်းပို့ချလျှက်ရှိရာ မြို့မတိုက်နယ်တွင် ၃ နေရာ၊ တောင်ဇင်းတိုက်နယ်တွင် ၄ နေရာ၊ စဉ့်ကူ တိုက်နယ်တွင် ၃ နေရာ၊ လက်ပံခြေပေါ်တိုက်နယ်တွင် ၃ နေရာ၊ ငါ့သရောက် တိုက်နယ်တွင် ၃ နေရာ၊ စုစုပေါင်း ၁၆ နေရာတွင် မဲရုံမှူး/ဒုတိယမဲရုံမှူးများ သတင်းတန်း ပေးလျှက်ရှိကြောင်းသိရပြီး မဲရုံပေါင်း ၂၃၆ ရုံရှိကာ မဲရုံမှူး/ဒုတိယမဲရုံမှူး ၄၇၂ ဦး သင်တန်းပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် ဒေါ်တင်မာမျိုး(ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန) မြို့နယ်ဦးစီးမှူးထံက သိရသည်။ ညောင်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်နေရာတွင် ကိုယ်စားလှယ်လောင်း ၆ ဦး၊ အမျိုးသားလွှတ်တော်နေရာတွင် ကိုယ်စားလောင်း ၄ ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် ကိုယ်စားလှယ် ၇ ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ကိုယ်စားလှယ် ၅ ဦး ဝင်ရောက်အရွေးချယ်ခံကြမည်ဖြစ်ကြောင်း သိရသည်။
ကိုထိန်၊KPD