ကျေးသီးမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ကျေးသီး ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ လုံပုရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (လုံပု)ချယ်ရီဆောင်ခန်းမတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)မှ ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါတယ်စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ဆရာကြီး ဦးတင်ဦးက စုံညီပွဲ‌တော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ကျေးသီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းကော်မတီဝင်များနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသား/ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းကော်မတီဝင်များ၊  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)