နမ့်စန်(တ) ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် သံပုံးရိုက်၊ ခေါင်းအုံးရိုက်၊ ပြေးခုန်ပစ်မီတာ(၁၀၀) (ကျား/မ)အငယ်တန်းနှင့် အကြီးတန်း၊ စာအုပ်ရွက်(ကျား/မ)အငယ်တန်းနှင့် အကြီးတန်း၊ အာလူးကောက်(ကျား/မ) အငယ်တန်း၊ သုံးချောင်းထောက်(ကျား/မ) အငယ်တန်း၊ အိတ်စွပ်(ကျား/မ)အငယ်တန်း၊ သံလုံးပစ်(ကျား/မ) အငယ်တန်းနှင့် အကြီးတန်း၊ သံပြားပစ်(ကျား/မ) အငယ်တန်းနှင့် အကြီးတန်း၊ လှံတံပစ်(ကျား/မ) အငယ်တန်းနှင့် အကြီးတန်းအားကစားပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်း နောက်ဆုံးဗိုလ်လုပွဲများကို ကျင်းပခဲ့ရာ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အားကစားဝါသနာပါသူများနှင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့နှစ်သက်ရာ အားကစားအမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက သက်ဆိုင်ရာအားကစားအလိုက် ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)