ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/စခန်းအသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၅၅ဝ ဦး လွတ်မြောက်

တောင်ကြီး ဇန်နဝါရီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ်၊ ၁/၂၀၂၄ဖြင့်  ယမန်နေ့ နံနက်ပိုင်းက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အဖြင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံသား အကျဉ်းသား/အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက် ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သွားသူ အကျဉ်းသား/အကျဉ်းသူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိသူများမှ ဆုံးမဩဝါဒစကား အသီးသီးပြောကြားပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများရှိ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းလက်မှတ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ထုတ်ပေးပြီး စားစရိတ်နှင့် ခရီးစရိတ်တို့အား ပေးအပ်၍ စနစ်တကျ အကျဉ်းထောင်မှ လွတ်ပေးခဲ့သည်။

ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ညောင်ရွှေအကျဉ်းထောင်မှ ၃ဝ၇ ဦး၊ ကျိုင်းတုံအကျဉ်း ထောင်မှ ၈၆ ဦး၊ လားရှိုးအကျဉ်းထောင်မှ ၆၄ ဦး၊ သီပေါအကျဉ်းထောင်မှ ၁ဝ ဦး၊ မိုင်းဆတ်အကျဉ်းထောင်မှ ၂၃ ဦး၊ တောင်ကြီးအချုပ်ထောင်မှ ၂ ဦး၊ စခန်းအသီးသီးမှ ၅၈ ဦး အပါအဝင်ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၅၅ဝ ဦး လွတ်မြောက်ခဲ့ကြကြောင်း၊ အဆိုပါ လွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)