မိုင်းကိုင် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူကလေးများ၏ ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကပြခြင်း၊ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများဖြစ်သော ဖူဆယ်ဘောလုံးပြိုင်ပွဲ(ကျား/မ)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ(အလွတ်တန်း)၊ ကျားငယ်၊ မငယ် မီတာ(၅၀)အပြေးပြိုင်ပွဲ၊ ကျားလတ်၊ မလတ်မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ ကျားကြီး၊ မကြီး မီတာ(၂၀၀) အပြေးပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ် စုစုပေါင်း ၈၁ ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၂)နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များနှင့် မိဘပြည်သူများ ပျော်ရွှင်စွာ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။
ချော(မိုင်းကိုင်)