တိုက်ကြီးမြို့နယ်၌ သမဝါယမအသင်းသား တောင်သူများ၏ အထွက်တိုးစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေ ကွင်းဆင်းကြည့်ရှု

တိုက်ကြီး    ဇန်နဝါရီ    ၅

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လမ်းညွန်မှုအရ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုအစီအစဉ် ရွှေမေသမဝါယမအသင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဖြင့် အထွက်တိုးမျိုးစပါး ထိုင်းမျိုးရက်(၉၀) စပါး စိုက်ပျိုးပြီးစီးမှု အခြေအနေကို ယမန်နေ့နံနက် ၉းဝဝ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

အဆိုပါ အထွက်တိုးမျိုးစပါး ထိုင်းမျိုး ရက် (၉ဝ) စပါး စိုက်ပျိုးပြီးစီးမှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ မြို့နယ်ဦးစီးအရာရှိ ဦးအုန်းထွန်းနှင့် ဝန်ထမ်းများ မြို့နယ် သမဝါယမအသင်းစု အုပ်ချုပ်မှုဒါရိုက်တာ ဦးကံချွန် ရွှေမေသမဝါယမအသင်းမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုပြီး စိုက်ပျိုးပြီးစီးသွားသည့် ဥတိုကျေးရွာကောင်းစံ စိုက်/ထွေ သမဝါယမအသင်း အသင်းသားတောင်သူ ဦးတင်လှ၏ကွင်းအမှတ် (၇၆၃) ဦးပိုင်အမှတ် (၂ဝ) ရှိ (၁.၃) ဧကအားတိုက်ရိုက် အစေ့ချစနစ် (Seeder) ဖြင့် စိုက်ပျိုးပြီးစီးသည့် စိုက်ကွက်အားလည်းကောင်း လောက်လေးချောင်းကျေးရွာ ရတနာလွှမ်း လယ်/ထွေ သမဝါယမအသင်း အသင်းသား တောင်သူ ဦးတင်အေး၏ ကွင်းအမှတ် (၇၃၄) ဦးပိုင်အမှတ် (၁၀) ရှိ ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမည့် ပျိုးခင်းနှင့် တိုက်ရိုက်အစေ့ချစနစ် (Seeder)ဖြင့် စိုက်ပျိုးရန်အတွက် ထွန်ယက်ပြီးသော လယ်ကွက်များအားလည်းကောင်း ဒေါ်မင်းချုပ်ကျေးရွာ ဒေါ်မင်းချုပ် စိုက်/ထွေသမဝါယမအသင်း၏ အသင်းသား တောင်သူ ဦးဝင်းသန်း၏ ကွင်းအမှတ်(၇၈၅) ဦးပိုင်အမှတ် (၂) ရှိ (၅)ရက်သားခန့်ရှိ ကြဲပက်စိုက်ပျိုးပြီးသည့် လယ်ယာမြေများအားလည်းကောင်း အသီးသီး ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး သမဝါယမအသင်း (၅) သင်းအနေဖြင့် ရွှေမေသမဝါယမအသင်းနှင့် အကျိုးတူအထွက်တိုးစပါး ထိုင်းမျိုး ရက် (၉ဝ) စိုက်ပျိုးခြင်းကို  (၂၅) ကီလိုမျိုးအိတ် (၂၀)အိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ရွှေမေသမဝါယမအသင်းအနေဖြင့် စိုက်ပျိုးရန်လိုအပ်သည့် မျိုးအိတ်များအား အခမဲ့ထုတ်ပေးခြင်း ထွန်ယက်စိုက်ပျိုးမှု ကုန်ကျငွေများပံ့ပိုးပေးသည့်အပြင် ထွက်ရှိလာမည့် မျိုးစပါးများအား ကာလပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)