တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တာလေ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့ပေါ်ရပ်ကွက်များနေ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ တာလေတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းဝိုးတစ် ဉီးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသော  ကိုယ်ဝန်ဆောင်မိခင်များနှင့်  အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များ၏ သက်ဆိုင်ရာ ဆေးထိုးကတ်ပြား၌ စနစ်တကျ စာရင်းရေးသွင်းကာ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြသည်။ 

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်၏ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး၊ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား  ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီပီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေး ခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဉီးနှောက်အမြေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဉီးနှောက်ရောင်၊  ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးတို့ ပါဝင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)