နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ် အသီးသီးတွင် ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးအောင်ခိုင်ဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ်များအလိုက် သွားရောက် ကြည့်ရှုအားပေးကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ မြန်မာ့သိုင်းပြိုင်ပွဲ၊ အေရိုးဗစ်ပြိုင်ပွဲ၊ Fitness Dance ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို မြို့နယ် (၈) မြို့နယ်တွင် သက်ဆိုင်ရာအားကစားကွင်များနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပလျက်ရှိသည်။
အဆိုပါ မြို့နယ်(၈)မြို့နယ်တွင် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးအောင်ခိုင်ဆွေ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်များအလိုက် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အားကစားပြိုင်ပွဲများ အလိုက်ဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်(ပြန်/ဆက်)