နေပြည်တော် ဇန်နဝါရီ ၅
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဒလမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း )မြို့နယ်၊ မှော်ဘီမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ လသာမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင်လည်းကောင်း၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရှိ ဒိုက်ဦးမြို့နယ်၊ ကဝမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့တွင်လည်းကောင်း အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားများတွင် ရှေးဦစွာ နိုင်ငံတော်အလံအား လွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။