ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား ဇန်နဝါရီ ၅       

ကချင်ပြည်နယ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် နေကြသည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဆောင်းရာသီ ပါ‌မောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီက တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် ဖွင့်လှစ်ပေးသည်။

အဆိုပါ နည်းပညာတက္ကသိုလ် ဆောင်းရာသီအားကစားပြိုင်ပွဲများအဖြစ် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးက ဘာသာရပ်အလိုက် အားကစား ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရည်ပြည့်ဝသော ကျောင်းသား/ ကျောင်းသူ များဖြစ်လာစေရေး၊ အားကစားကဏ္ဍတွင်လည်း ထူးချွန်သော အားကစားသမားများ ဖြစ်လာစေရေးနှင့် မိမိတို့၏ မူလရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာ ကောင်းများ ဖြစ်လာစေရေးအတွက် ဘက်စုံထူးချွန်သည့် အင်ဂျင်နီယာများ ဖြစ်လာစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြား သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး အားကစား နှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ ပါ‌မောက္ခချုပ်ဖလား အားကစားပြိုင်ပွဲအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျောင်းသူ လေးများ၏ ခေတ်ပေါ်အကနှင့် ပန်းပွားအကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို  ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဆောင်းရာသီအားကစားပြိုင်ပွဲများအဖြစ် ဘာသာရပ်အလိုက်မေဂျာ(၄)ခုမှ အမျိုးသား ဘောလုံးအသင်း (၄)သင်း၊ အမျိုးသမီးဖူဆယ် ပြိုင်ပွဲတွင်လည်း မေဂျာ(၄)ခုမှ အသင်း (၄)သင်းဖြင့် လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်များတွင်လည်း အသင်း (၄)သင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ဆုရအသင်းများအား ဆုများကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်