မိတ္ထီလာ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ အလှူရှင်မိသားစုမှ လှူဒါန်းသည့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာလှူဒါန်းပွဲ အခမ်းအနားတွင် ဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က အဖွင့်အမှာစကား ပြောကြားပြီး စာအုပ်အလှူရှင် မိသားစုကိုယ်စား စာအုပ်များလှူဒါန်းပေးသည့် စာရေးဆရာ ရဲမြင့်(နောင်ချို)က စာအုပ်များ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ စာအုပ်များ လှူဒါန်းမှုအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပြည်သာယာ(တ) ရပ်ကွက်နေအလှူရှင် ဦသန်းအောင်၊ဒေါ်ခင်မာစိန် မိသားစုမှ လှူဒါန်းသည့် သုတရသစာ အုပ်စုံ ၄ဝဝ ခန့်ကို အလှူရှင်မိသားစုကိုယ်စား စာရေးဆရာရဲမြင့်(နောင်ချို)က လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်ထံ ပေးအပ်လှူဒါန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် မိတ္ထီလာခရိုင် သာစည်မြို့နယ် ကုက္ကိုကန်အုပ်စု တောင်ပူစာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များကို တာဝန်ရှိသူထံသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ချမ်းသာ