ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ အကျဉ်းသား (၄၁) ဦး ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ရရှိ

ဇမ္ဗူသီရိ ဇန်နဝါရီ ၄

ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁/၂၀၂၄) ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဇော်လွင်၊ နေပြည်တော်အချုပ်ထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်၊ နေပြည်တော်ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကို၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (စုံစမ်းရေး) ဦးဝင်းဌေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင်နှင့် နေပြည်တော် အချုပ်ထောင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ  ပြစ်ဒဏ်ကျခံလျက်ရှိသည့် နေပြည်တော်အချုပ်ထောင်မှ အကျဥ်းသား (၁၅) ဦး၊  နေပြည်တော်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ အကျဉ်းသား (၂၆) ဦး၊ စုစုပေါင်း အကျဉ်းသား (၄၁)  ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဇော်လွင်၊ နေပြည်တော် အချုပ်ထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်တို့က ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီး လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများအား‌ စားစရိတ်လုပ်အားခ၊ ခရီးစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်ငွေ စုစုပေါင်း (၁၅၈၈၃၉၀) ကျပ်အား ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာကားဂိတ်များသို့ လိုက်လံပို့ဆောင်၍ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)