တာချီလိတ်မြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပ

တာချီလိတ် ဇန်နဝါရီ ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့မအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင် ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှိုင်လှိုင်မြင့်နှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တာချီလိတ်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ မြို့မအားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် ရိုးရာအားကစားနှင့် ပျော်ပွဲရွှင်ပွဲများအနေဖြင့် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချော တိုင်တက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် အခြားပျော်ပွဲ ရွှင်ပွဲပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့အတူ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ယာဝင်းအတွင်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရိုးရာအားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရာ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ကလေးငယ်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး ကစားနည်းလိုက် ဆုရရှိသူများကို တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)