တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၂၄ ခုနှစ်၊ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၅    

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားများကို ရှမ်းပြည်နယ်ရှိ လွိုင်လင်မြို့၊ မိုးနဲမြို့၊ မိုင်းရယ်မြို့၊ မူဆယ်မြို့၊ မောက်မယ်မြို့၊ တောင်ကြီးမြို့နှင့် ပင်းတယမြို့တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ ရေနံချောင်းမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ အောင်လံမြို့၊ ချောက်မြို့နှင့် မြို့သစ်မြို့တို့တွင်လည်းကောင်း အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားများတွင် ရှေးဦစွာ နိုင်ငံတော်အလံအား လွှင့်တင်ပြီး တက်‌ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။