ကျိုက်ထိုမြို့နယ်တွင် အကျဉ်းစခန်း(၄)ခု မှအကျဉ်းသား/သူ(၇၆)ဦး လွတ်ငြိမ်းခွင့်ပြု

ကျိုက်ထို ဇန်နဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ်(၁/၂၀၂၄)အရ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ အကျဉ်းစခန်း(၄)ခုမှ အကျဥ်းသား/သူ(၇၆)ဦးတို့အား ယမန်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်(အမျိုးသား)ကုန်ထုတ်စခန်းမှ အကျဉ်းသား(၉)ဦး၊ တောင်စွန်းအကျဉ်းစခန်းမှ အကျဉ်းသား(၁၃)ဦး၊ မုပ္ပလင်(အမျိုးသမီး) ကုန်ထုတ်စခန်းမှ အကျဉ်းသူ (၃၅)ဦး အင်္ဂဘိုရာဘာစိုက်ပျိုးရေးစခန်း(ရွှေဖြူ)မှ အကျဉ်းသား(၁၉)ဦး စုစု‌ပေါင်း အကျဉ်းသား/သူ(၇၆)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။ အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့်လွတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ (၇၆)ဦးတို့အား အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်