အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ(၂၄၉၇)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး

ရန်ကုန် ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၄-၁-၂၀၂၄ ရက်စွဲပါအမိန့်အမှတ်၊ ၁/၂၀၂၄ နှင့် ၂/၂၀၂၄ တို့ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/ အကျဉ်းသူတို့အား ရာဇဝတ်ကျင့်ထုံး ဥပေဒပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ အကျဉ်းသား၊ အကျဉ်းသူ(၂၄၉၇)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီ မိနစ်(၅၀)က အင်းစိန်ဗဟိုအကျဉ်းထောင်ဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်တို့က ဆုံးမဩဝါဒ စကားအသီးသီးပြောကြားပြီး လွတ်မြောက်သည့် အကျဉ်းသား၊ အကျဉ်းသူများကို တစ်ဦးချင်း လိုက်လံနှုတ်ဆက်စကား ပြောကြားသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား(၂၁၆၂)ဦး၊ အကျဉ်းသူ(၃၁၇)ဦး၊ နိုင်ငံခြားသားအကျဉ်းသား(၁၈)ဦး စုစုပေါင်း(၂၄၉၇)ဦးတို့ကို YBS မော်တော်ယာဉ်များဖြင့် ၎င်းတို့သွားလိုသည့် နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်၊ အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ညွှန်ကြားရေးမှူးဦးမျိုးဦး၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိနှင့်တာဝန်ရှိသူများ၊၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်၊ အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးငြိမ်းချမ်းအောင်၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)