မော်လမြိုင် ဇန်နဝါရီ ၅
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပခဲ့ရာ ရှေ့ဦးစွာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ဘင်ခရာအဖွဲ့တို့မှ ကွင်းအတွင်းနေရာယူ၍ ၂ဝ၂၄ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပြီး နံနက် ၇ နာရီအချိန်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို ကျင်းပခဲ့ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်ကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့်ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ခန်းမတွင်ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ အသက်၊ သွေး၊ ချွေးပေါင်းမြောက်မြားစွာဖြင့် ရယူခဲ့ရသည့် လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေး တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံတော်အားရရှိပြီးသော လွတ်လပ်ရေးနှင့်အတူ ဒီမိုကရေစီဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာတွင် သက်ဆိုင်သူအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ နိုင်ငံရေးရင့်ကျက်မှု၊ စည်းလုံးညီညွတ်မှုသည် အခြေခံအကျဆုံးဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းဖို့လိုအပ်ကြောင်း၊ တိုင်းပြည်နှင့်အနာဂတ်အတွက် ပညာပြည့်ဝနှလုံးလှသော နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုကို တည်ဆောက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ဆုရရှိသူ ၁၆၉ ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)