ကျောက်တံခါး အောက်တိုဘာ ၂၇
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ရွေးကာက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စည်ပင် သာယာခန်းမနှင့်မြို့နယ်အားကစားခန်းမတို့တွင် (၂)နေရာခွဲ၍ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရှိသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဝင်းဇော်ထွေးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်အေးတို့ကအဖွင့် အမှာစကား ပြောကြားပြီး သင်တန်းတွင် သင်တန်းနည်းပြ (၇)ဦးဖြင့် သင်တန်းပို့ချပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ အား လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံဖွင့်ပိတ်ခြင်း၊ မဲရုံအတွင်းသို့ ဝင်ခွင့်ရှိသူများ၊ မသန်စွမ်းသူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်းဆိုင်ရာနှင့်မဲရုံအဖွဲ့ဝင်များ၏တာဝန် လုပ်ပိုင်ခွင့် စိစစ်ရမည့် အချက်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှုများ၊ ထုပ်ပိုးပုံအဆင့်ဆင့်၊ မဲရုံတည်နေရာ အခင်းအကျင်း၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုပ်ပေးသူ၊ မှင်တို့ပေးသူတို့၏ တာဝန်ဝတ္တရား များ၊ ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်သည်။
ကျောက်တံခါးမြို့နယ်တွင်မဲရုံပေါင်း (၂၁၁)ရုံရှိပြီး မဲရုံမှူးဒုတိယမဲရုံမှူး(၄၂၂)ဦးတို့အား အောက်တိုဘာ (၂၇) ရက်မှ(၃၀)ရက်နေ့ထိ(၄)ရက်တာ နံနက်၉ နာရီမှညနေ ၅နာရီအထိ နေရာ(၂)နေရာ ခွဲ၍ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
စန်းစန်း(ပြန်/ဆက်)