ကျောက်ပန်းတောင်း ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအချောထည် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို၊ ယနေ့ နံနက်(၉)နာရီက ဆုံရွာကျေးရွာအုပ်စု ရိုးခြားကျေးရွာရှိ ရပ်မိရပ်ဖ ဦးရဲဝင်းစိုး၏ နေအိမ်ဝန်း ယာယီမဏ္ဏပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်ကြသည်။ ယင်းနောက် ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များနှင့် ဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဦးစီးမှူးနှင့်ဌာနဆိုင်ရာများက သင်တန်းတွင် အသုံးပြုမည့် လုပ်ငန်းသုံး ပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် သင်တန်းသားများ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် (၂.၀)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ရိုးခြားကျေးရွာနေ သင်တန်းသား (၅)ဦး၊ သင်တန်းသူ(၁၅)ဦး စုစုပေါင်း(၂၀)ဦးဖြင့် အဆိုပါ ကျေးရွာမှ လုပ်ငန်းငန်းကျွမ်းကျင်သူ ဦးမောင်ဝင်းက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်၍ သင်တန်းကာလ(၁၀) ရက်အတွင်း၊ ဝါးဘိုးဝါးဖြင့် တောင်းအမျိုးမျိုး ရက်လုပ်ခြင်းကို ရောင်းတန်းဝင် စီးပွားဖြစ်ဆောင်ရွက်နိုင်သည်အထိ ကျွမ်းကျင်အောင် သင်ကြားပေးသွာမှာဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲသို့ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)