သထုံမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့၌ ပျော်ရွှင်ဖွယ်ရာအားကစားပြိုင်ပွဲများ ကျင်းပခြင်း ရောင်စုံမီးများ ဂုဏ်ပြုထွန်းညှိခြင်းများပြုလုပ်

သထုံ ဇန်နဝါရီ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ယမန်နေ့၌ ပြည်သူအပေါင်းတို့က ပျော်ပွဲရွှင်ပွဲအားကစားအစီအစဉ်များကျင်းပခြင်း အထင်ကရနေရာများ၊ ရုံးဌာနများ၌ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရောင်စုံမီးများ ထွန်းညှိအလှဆင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ပြည်သူအပေါင်းတို့က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးများပျော်ရွှင်စရာ တာတို၊ တာလတ်၊ တာဝေး ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ‌အာလူးကောက်၊ မုန့်ကိုက်၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက် စသည့် ပျော်ရွှင်စရာပြိုင်ပွဲများကို ကျင်းပကြရာ တပျော်တပါးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။

အလားတူ သထုံမြို့နယ်အတွင်းရှိ စေတီပုထိုး၊ ပန်းခြံ စသည့်အထင်ကရနေရာများနှင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရောင်စုံမီးများ အလှဆင်ထွန်းညှိခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)