အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ထူးချွန်ဆုပေးအပ်ပွဲနှင့် (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက မင်္ဂလာပါသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးကျော်သူက မြန်မာနိုင်ငံတွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းပေါင်း (၃၀) ကျော်ရှိသည့်အနက်  အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)သည် (၈)ကျောင်းမြောက် ကျောင်းသား/ကျောင်းသူအများဆုံး တက်ရောက်သင်ကြားလျက်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ကြောင်း၊ စက်မှုလက်မှုသိပ္ပံပညာရပ်များသည် နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး အုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏ အနာဂတ် အစဉ်ထွန်းတောက်ဖို့အတွက် ဒေသဆိုင်ရာအာဏာပိုင်များ၊ မိဘပြည်သူများ၊ ဆရာ/ဆရာများ၏ ကူညီထောက်ပံ့မှုများနှင့် အောင်မြင်တိုးတက်အောင်ကြိုးစားကြရန် အမှာစကားပြောကြားခဲပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တတိယနှစ် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ် ဆရာကြီးဒေါက်တာမျိုးသူ၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန(ကျောက်ဆည်)မှ ညွှန်ကြားရေးမှူးချုပ် (တာဝန်ခံ) ဒေါက်တာအေးအေးခိုင်၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် (ဘယ်လင်း)မှ ကျောင်အုပ်ဆရာကြီး ဒေါက်တာသန်းဇော်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းနှင့် တာဝန်ရှိသူများက  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တတိယနှစ်၊ ဒုတိယနှစ်၊ ပထမနှစ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းများ ရိုက်ကူးခဲ့ကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)