သထုံ ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ်(၁/၂၀၂၄)အရ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဥ်းသား(၉၃)ဦးတို့အား ယမန်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရစည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဥ်းသားများကို သထုံအကျဉ်းထောင် အစည်းအဝေးခန်းမ၌ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးလင်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်နိုင်၊ သထုံအကျဥ်းထောင်တာဝန်ခံအရာရှိ ဦးအောင်ခိုင်လတ်နှင့် တာဝန်ရှိသူတို့က လွတ်ငြိမ်းခွင့်ပြုပေးသည့်ရည်ရွယ်ချက်နှင့် မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာဆက်လက်နေထိုင်ကြရေး ဆုံးမစကားများပြောကြားခဲ့ပြီး ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ ခံဝန်လတ်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်၊ ခရီးစရိတ်နှင့် စားစရိတ်တို့ကိုထုတ်ပေးကာ မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ လွတ်ငြိမ်းခွင့်ပြုရာသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)