မိတ္ထီလာမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့မရပ်ကွက် လွတ်လပ်ရေးပန်းခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊  ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို တက်ရောက်လာကြသူများက အလေးပြုကြသည်။ ထို့နောက်  ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး၊ သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ဖတ်ကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သော ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသူ/ကျောင်းသားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့်ဝန်ထမ်းများက တက်ရောက်လာသူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ