MSMEs လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အခြေခံဆိုလာနည်းပညာနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်လှစ်

ချမ်းအေးသာစံ ဇန်နဝါရီ ၅

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)တို့ ပူးပေါင်းပြီး အသိပညာရှင်အတက်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ MSMEs လုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းတို့တွင် အထောက်အကူဖြစ်စေရန် အခြေခံဆိုလာ နည်းပညာနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းကို ချမ်းအေးသာစံမြို့နယ် ၃၄လမ်းနှင့် ၇၈လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ(စတုတ္ထထပ်) မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ သင်တန်းဖွင့်ပွဲကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဌေးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆိုလာများနှင့် ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုူအား ကြည့်ရှု ခဲ့ကြပြီး အခြေခံဆိုလာနည်း ပညာနှင့် ဆိုလာတပ်ဆင်ခြင်းသင်တန်း သင်ခန်းစာများကို ဆက်လက်ပို့ချ ဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းတွင်နေနှင့် အလင်းစွမ်းအင်ဆိုင် အခြေခံအကြောင်းများ၊ ဆိုလာဆဲလ်များဆိုင်ရာ အခြေခံအကြောင်းများ၊ အင်ဗာတာများဆိုင်ရာ အခြေခံအကြောင်းများ၊ ဘက္ထရီများဆိုင်ရာ အခြေခံအကြောင်းများ၊ ကွန်ထရိုလာများဆိုင်ရာ အခြေခံအကြောင်းများ၊ ဆိုလာ, အင်ဗာတာ, ဘက္ထရီများနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ အခြေခံအကြောင်းများ၊ အိမ်သုံးဆိုလာစနစ် ဒီဇိုင်း တည်ဆောက်ခြင်း, တွက်ချက်ခြင်း, တပ်ဆင်ခြင်းဆိုင်ရာ အခြေခံအကြောင်းများကို ကျွမ်းကျင်မှုဆိုင်ရာသင်တန်းကျောင်း (မန္တလေး)နှင့် Mother Home တို့မှ နည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချဆွေးနွေးသွားမည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)တွင် ဖွင့်လှစ်သည့် အခြေခံဆိုလာနည်းပညာနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းသို့ တက်ရောက်ရန် သင်တန်းသားဦးရေ (၁၂၀)ကျော် စာရင်းပေးထားပြီး ပထမနေ့တွင် (၁၀၀)ကျော် တက်ရောက်ခဲ့ကာ သင်တန်းကို ဇန်နဝါရီလ (၅)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၇)ရက်ကြာ နေ့စဉ် နံနက်(၉)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်