စဉ့်ကူး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ ၂၀၂၄ ခုနှစ်၊ ယမန်နေ့က ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်း၍ ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ကလေးပြိုင်ပွဲသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ မွေးစမှ (၆)လအတွင်းရှိ ကလေးများ၊ (၆)လမှ (၁)နှစ်အတွင်းရှိ ကလေးများ၊ (၁) နှစ်မှ (၁ နှစ် ၆ လ) အတွင်းရှိ ကလေးများ၊ (၁ နှစ် ၆ လ)မှ (၂)နှစ်အတွင်းရှိ ကလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ စဉ့်ကူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပြိုင်ပွဲဝင်ကလေးများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းများနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။
ထို့နောက် ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပရာ မြို့နယ်မိခင်နှင့်ကလေး ကျောင်းကျန်းမာရေး(အာဟာရ)ဌာနမှ ဦးစီးအရာရှိ ဒေါ်ယင်းမာသန်းက ဆုရွေးချယ်မှုနှင့် ကလေးများအတွက် ကျန်းမာရေးအသိပညာပေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေ နှင့် အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက ဆုရရှိသည့် ကလေးများအား သက်တမ်းအလိုက် ဆုများချီးမြှင့်ခြင်း၊ လွတ်လပ်မောင်မယ်ဆုများချီးမြှင့်ခြင်း၊ စံပြမိခင်ဆုချီးမြှင့်ခြင်း၊ ပြိုင်ပွဲဝင်ကလေးများနှင့် မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)