မန္တလေးဗဟို အကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ အကျဉ်းသား ၈၆၂ ဦး၊ အကျဉ်းသူ ၁၈၉ ဦး၊ ပေါင်း ၁၀၅၁ ဦးတို့အား လွတ်ငြိမ်းသက်သာခွင့်ပြု

မန္တလေး ဇန်နဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂ဝ၂၃ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၄ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကိုနားလည်စေရန်လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို/ရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဉ်းထောင်ဓမ္မာရုံတွင် ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အောင်မြေသာစံခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးသန်း၊ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်း၊ အကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်စိုး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်၊ အကျဉ်းဦးစီးဌာနဝန်ထမ်းများ၊ လွတ်မြောက်အကျဉ်းသား/သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်တို့က ဆုံးမသြဝါဒစကားပြောကြားကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁) အရ မန္တလေးဗဟိုအကျဉ်းထောင်မှ တပ်မတော်အက်ဖြင့်  ၁ ဦး၊ ရဲစည်းကမ်းဖြင့် ၅ ဦး၊ ရာဇသတ်ကြီးပုဒ်မ-၅၀၅-က ဖြင့် အကျဉ်းသား ၁၄၀ ဦး၊ နိုင်ငံခြားသား ကျား ၁ ဦး၊ အခြားမှု(ရိုးရိုး) အကျဉ်းသား ၇၁၅ ဦး၊ အကျဉ်းသူ ၁၈၉ ဦး၊ စုစုပေါင်းအကျဉ်းသား ၈၆၂ ဦး၊ အကျဉ်းသူ ၁၈၉ ဦး၊ ပေါင်း ၁၀၅၁ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ -၄၀၁(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)